2004.. ကျွန်မ ရန်ကုန်မှာ ရှိတုန်းက internet ဆိုတာကြီးကို စပြီးသုံး ခါစကပေါ့ . . . Planet Teashop နဲ့ ကိုလွင် တည်ထောင်တဲ့ mmchat (Myanmar Chat) ကို အားတဲ့အချိန်တိုင်း.. မီးလာတဲ့ အချိန်တိုင်း.. ၀င်ဖြစ်ခဲ့တယ်.. 2ခုလုံးက မြန်မာfont သုံးလို့ရတဲ့ chatတွေ... လာကြတဲ့သူတွေကလဲ အရမ်းကို ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ... အဲဒီမှာ ကျွန်မ မောင်နှမလို ခင်ရတဲ့ အကိုတွေ.. ညီမတွေ.. သူငယ်ချင်းတွေ.. ရလိုက်တယ်.. အခုချိန်ထိ အဆက်အသွယ် မပြတ်ကြသေးတဲ့ သူတွေလဲရှိပါတယ်...
အခုတော့ စိတ်မကောင်းစရာက Planet Teashop ကြီးကလဲ ပျက်စီးသွားပြီ... mmchat လဲ မရှိတော့ဘူး..အရင်ကတော့ Planet မှာ ကဗျာတွေ စာတွေ အပြိုင်အဆိုင်တင်ခဲ့ ကြတာပေါ့... ဒါပေမယ့် Planet site ကို အသစ်ပြန် ပြုပြင်တော့ အဲဒီ data တွေ အကုန်ပါသွားတယ်.. အရမ်းနှမြောဖို့ကောင်းပါတယ်...
အခု အဲဒီ မောင်နှမလို ခင်ခဲ့တဲ့ သူတွေထဲက ကဗျာတွေ အမြဲရေးတဲ့ သူတချို့ရဲ့ ကဗျာလေးတွေ Blog မှာ တင်ဖို့ စိတ်ကူးမိလို့ပါ... ဖတ်ကြည့်ကြပါဦး...
နမော်နမဲ့ (by Ko Cho)
အနမ်းတွေ စွန့်ပစ်ပြီး
အလွမ်းတွေချည်း
ရင်ထဲ သိမ်းကျုံးထည့်လာခဲ့တယ် ...။
ဆန်းတော့မဆန်းလှဘူး
ဇာတ်လမ်းက ဒီမှာတင်ပဲ တစ်ခန်းရပ်လေ ...။
မတမ်းတချင်တော့ပါဘူး
အကြင်နာက ပငလယ်ဖြစ်နေမယ်ဆိုရင်တောင်
ကိုယ့်ကမ်းခြေ တစ်ခုလုံးကို
ခပ်လှမ်းလှမ်းမှာ ရွေ့ထားလိုက်တော့မယ် ...။
မပြောတတ်တော့ဘူး အလွမ်းဆိုတာ
ပင်လယ်မှာပြန်အပ်လိုက်ရတဲ့
ငါးဖမ်းစက်လှေလိုလား
ဒါမှမဟုတ် တောအုပ်စိမ်းစိမ်းထဲက
ယန္တရားငှက် တစ်ကောင်လား ...။
အလွမ်းတံခါးကို ပိတ်လိုက်တော့
ရင်တစ်ခုလုံး မှောင်အတိကျသွား
အားကုန်ခန်းသွားတဲ့ နာရီတစ်လုံးလိုပေါ့
သည်လိုနဲ့ ဘ၀ကိုထမ်းပိုးပြီး
နေ့ကမ်းပါး ညကမ်းပါးတွေမှာ
တစ်ဟုန်ထိုး ပြေးလွှားဖြတ်သန်းနေရတာ
ကိုယ့်ငရဲအိုးထဲ
ကိုယ့်ကိုကိုယ် ရေခန်းချက်နေရသလိုမျိုး ...။
ကြည့်စမ်း ပြောရင်းဆိုရင်း
တစ်ခြမ်းသေနေတဲ့ သံယောဇဉ်လေးရှိရာကို
စမ်းရင်းစမ်းရင်း သွားနေမိပြန်ပြီ ... ... ...။
No comments:
Post a Comment